လိင်ပိုင်းစွမ်းဆောင်ရည် ပိုတက်စေမယ့် ယောဂကျင့်စဉ် Pose (၆) မျိုး
ယောဂလေ့ကျင့်ခန်းတွေက Zumba တို့လောက် ရေပန်းမစားဘူးဆိုပေမယ့် စိတ်ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာ သွက်လက်လှုပ်ရှားနိုင်မှုကို ကောင်းကောင်းအထောက်အကူပေးနိုင်တဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ယောဂကျင့်စဉ်တွေဟာ စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ပေးသလို ကြွက်သား၊ အရိုးအဆစ် တင်းမာနေတာတွေကို ပြေလျော့သက်သာစေပြီး ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။
ဒါ့အပြင် တချို့သော ယောဂကျင့်စဉ်တွေက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကိုလည်း ပိုကောင်းမွန်စေတယ်လို့ သုတေသီတွေက ဆိုထားကြပါတယ်။ ဒီတစ်ခေါက်ဆောင်းပါးမှာတော့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်တက်စေတဲ့ ယောဂကျင့်စဉ် Pose (၆) မျိုးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
၁။ Cat & Cow Pose (ကျောရိုး)
- လေးဘက်ကုန်းအနေအထားနဲ့ ယောဂဖျာပေါ် ထောက်ပြီး ဒူးခေါင်းနဲ့ တင်ပါးတစ်သားတည်းဖြစ်နေအောင် လုပ်ထားပါ။
- အပေါ်ဘက်ကို မော့ရင်း အသက်ရှူသွင်းလိုက်ပါ၊ တစ်ချိန်တည်းမှာပဲ ဝမ်းဗိုက်ကို ကြမ်းပြင်ဘက် ကွေးလိုက်ပြီး အကြောဆန့်တန်းပါ။
- အသက်ရှူထုတ်ပြီး မေးစေ့ကို ရင်ဘတ်ထိရောက်အောင် တွန်းပို့ရင်း ချက်ကို ကျောရိုးဘက် ကွေးလိုက်ပါ။
- ဒီအနေအထားအတိုင်း ဖြည်းဖြည်းချင်းဆန့်တန်းပြီး တစ်မိနစ်လောက်ထိ လုပ်ပေးပါ။
၂။ Bridge Pose (ဆီးခုံ)
- ကြမ်းပြင်မှာပက်လက်လှဲရင်း လက်နှစ်ဖက်ကို ဘေးမှာအပြားလိုက်ဆန့်တန်းလို့ ဒူးခေါင်းနှစ်ဖက်ကို တင်ပါးဘေးခွာပြီး အပေါ်ထောင်ကွေးထားပါ။
- ဆီးခုံကို မြေပြင်ပေါ်ကနေ အပေါ်ရောက်အောင် ပင့်တင်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကနေ လိုက်ပါမြင့်တက်ပေးပါ။
- အပေါ်ကို မြှင့်တင်နေချိန်မှာ ပုခုံးနဲ့ ခေါင်းကို မြေပြင်ပေါ်ကနေ မကြွသွားအောင် ဂရုစိုက်ပါ။
- ဒီ Pose ကို (၅) စက္ကန့်အထိ ထိန်းထားပြီးမှ နဂိုပုံစံပြန်သွားပါ။
၃။ Happy Baby (တင်ပဆုံနဲ့ ခါးအောက်ပိုင်း)
- ကြမ်းပြင်မှာ ပက်လက်လှဲရင်း အသက်ရှူထုတ်ပြီး ဒူးခေါင်းကို ဝမ်းဗိုက်ထိရောက်အောင် ကွေးလိုက်ပါ။
- အသက်ရှူသွင်းပြီး ခြေဖဝါးထိပ်ကို လက်နှစ်ဖက်နဲ့ ထိကိုင်ပြီး ဒူးခေါင်းကို ဘေးကားလိုက်ပါ။
- ခြေထောက်ကို အပေါ်မြှောက်ပြီး ဆန့်တန်းကားထားရင်း လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ် ပြန်ချပါ။
၄။ One-Legged Pigeon (တင်ပါး)
- ကြမ်းပြင်ပေါ် လေးဖက်ကုန်းထောက်ထားပြီး ညာဘက်ခြေထောက်ကို ခန္ဓာကိုယ်အရှေ့ဘက် ကွေးဆန့်ထုတ်ရင်း ဘယ်ဘက်ခြေထောက်က ခန္ဓာကိုယ်ရဲ့ ၉၀ ဒီဂရီအတိုင်း ရှိနေပါစေ။
- ပြီးသွားမှ ဘယ်ဘက်ခြေထောက်ကို အနောက်ဘက်ဆန့်ထုတ်ရင်း ခြေဖမိုးကို မြေပြင်နဲ့ ထိကပ်ထားပါ။
- ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့အောက်ဘက် ဆန့်ထုတ်ရင်း ကြမ်းပြင်နဲ့ နီးနိုင်သလောက် နီးနီး ထိကပ်ပေးပါ။
- ပြီးသွားရင် နဂို Pose အတိုင်း ပြန်သွားပြီး ဘက်ပြောင်းပြန် လုပ်ပေးပါ။
၅။ Child’s Pose (တင်ပါး)
- ကြမ်းပြင်ပေါ် ဒူးထောက်ရင်း ခြေဖိုးကို မြေပြင်နဲ့ ထိကပ်ထားပြီး တင်ပါးဘေးကို ကားလိုက်ပါ။
- အသက်ရှူထုတ်ရင်း ခန္ဓာကိုယ်တစ်ခုလုံးကို အရှေ့ဘက် ဆန့်ထုတ်ရင်း လက်ကို အရှေ့မှာထားလို့ အကြောဆန့်ပါ။
- ကြမ်းပြင်နားထိရောက်အောင် ဖြည်းဖြည်းချင်းဖိချရင်း နဖူးကို တတ်နိုင်သလောက် မြေပြင်နဲ့ ထိကပ်အောင် ကြိုးစားပါ။
- ဒီ Pose အတိုင်း စက္ကန့် (၃၀) ငြိမ်သက်ပြီးမှ နဂိုပုံစံ ပြန်ပြင်ပါ။
၆။ Corpse Pose (စိတ်ဖိစီးမှု ပြေလျော့စေခြင်း)
- ကြမ်းပြင်ပေါ် ပက်လက်ဆန့်လှဲကြပီး ခြေထောက်နှစ်ဖက်ကို ဘေးကားလို့ လက်ဖမိုးနှစ်ဖက်ကို မြေပြင်နဲ့ ကပ်ထိထားပါ။
- ခေါင်းအစ ခြေအဆုံးထိ ကြွက်သားအားလုံးကို ဖြည်းဖြည်းချင်း Relax လုပ်ပေးပါ။
- ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်ပြီလို့ ခံစားရပြီဆိုရင် ဒီ Pose ကို နားလို့ရပါပြီ။
အခုပြောပြသွားတဲ့ ယောဂကျင့်စဉ် (၆) ခုဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြေလျော့စေပြီး စိတ်ဖိစီးမှုကို သက်သာစေတဲ့အတွက် လိင်ဆက်ဆံတဲ့အခါမှာ ပုံမှန်ထက် သက်သောင့်သက်သာပိုဖြစ်ပြီး စွမ်းဆောင်ရည်ပိုကောင်းလာမှာပါ။
ရဲမျိုးမြတ်